နွေရာသီ ရောက်လာပေတော့မည်။
နွေနှင့်အတူ ရွက်ဝါများကြွေသည်။
ဗာဒံရွက်တို့က အကြွေစောပြီး တဖြုတ်ဖြုတ်
ကြွေကျသည်။ အရွက်ကြွေစောသည့်အပင်
များက အရိုးပြိုင်ပြိုင်ဖြင့်။ နောက်ကျ၍
ကြွေသည့် အပင်တို့က အရွက်ကျိုးတို့ကျဲတဲ
ဖြစ်သည်။
သရက်ပင်တို့က အဖူး၊ အပွင့်နှင့် သီးကင်းများ
ဖြင့် နွေကို စောင့်ကြိုနေသည်။ သရက်ဆိုသည့်
အမျိုးက ပူပါစေ ကြိုက်သလောက်ပူ။ အပူ
ကြိုက်သည့် အပင်မျိုးဖြစ်သည်။ အိမ်ခြံဝင်း
အတွင်းမှာရှိသော တပင်တည်းသော
စိန်တလုံးအပင်သည်က သေရှာလေသည်။
မည်သည့်ကြောင့် သေသည်ကို မသိပေ။
ခြံဝင်းအတွင်း သရက်ပင်လေးပင်ရှိသည်။
လေးပင်အနက် တပင်က ယခုနှစ်မှစ၍
အပွင့် ပွင့်ကာသီးခြင်းဖြစ်သည်။ လေးပင်မှာ
စိန်တလုံးနှင့် ရင်ကွဲပင် နှစ်ပင်က သေသွားသည်။
ကျန်ရှိနှစ်ပင်အနက် တပင်ကဘောလုံးသီးဟု
ခေါ်သည့် အပင်ဖြစ်သည်။
ယခုနှစ်မှ စ၍ပွင့်သော၊ ဖူးသော သရက်ပင်က
ဘာပင်ဖြစ်မလဲမသိပေ။ ထိုဘာပင်ဖြစ်မလဲ
ဘာအမျိုးဖြစ်မလဲ မသိသေးသော သရက်ပင်ကို
ရေလောင်းပေးရသည်က အမောပင်။
ရေလောင်း၍ အရိပ်တကြည့်ကြည့် ကြည့်ခဲ့ရသော
ထိုသရက်ပင်က အသီးကင်းလေးများထွက်
လာသည်။
ထိုအသီးကင်းပေါက်စလေးများကို ကြည့်၍
ကျွန်တော့်အကိုနှင့် အမ စနေနှစ်ဦးသည်က
စကားနိုင်လုကြပြန်သည်။ တယောက်က
ဘောလုံးသီး၊ တယောက်က စိန်တလုံးဟု
ငြင်းခုံနေကြသည်။ ရက်အတော်ကြာသည့်အခါ
မှာ စားကြည့်သည် ရင်ကွဲသီးဟု ပြောကြသည်။
အိမ်ဘေးမှ အမျိုးသမီးတဦးက လာပြောသည့်
အခါ သူအိမ်က သရက်ပင် အမျိုးဟု ပြောပြန်သည်။
သရက်ပင်မှ သရက်ကင်းလေးများကတော့
အပင်ပေါ်မှာ တွဲလောင်လေးများသီးနေကြ
ပေသည်။ ဘာအမျိုး၊ ဘာအပင်ဖြစ်လာမလဲ
ဆိုသည်က အချိန်အနည်းငယ် အကြာမှာ
သိလာရမည် ဖြစ်ပေတော့သည်။
@htwegyi
February 20, 2024